မဏိပူရပြည်နယ်
မဏိပူရပြည်နယ် (အင်္ဂလိပ်: Manipur) သည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် တည်ရှိသော ပြည်နယ်တစ်ခု ဖြစ်သည်။ "မဏိပူရ" ဟူသော အမည်မှာ သက္ကတဘာသာအရ "ရတနာမြေ" ဟု အဓိပ္ပာယ်ရသည်။ မဏိပူရပြည်နယ်၏ မြို့တော်မှာ အင်ဖာမြို့ ဖြစ်သည်။ မြောက်ဘက်တွင် နာဂလန်ပြည်နယ်၊ တောင်ဘက်တွင် မီဇိုရမ်ပြည်နယ် နှင့် အနောက်ဘက်တွင် အာသံပြည်နယ် တို့က ဝန်းရံထားပြီး အရှေ့ဘက်တွင် မြန်မာနိုင်ငံ (စစ်ကိုင်းတိုင်းဒေသကြီး) နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ ဧရိယာ စုစုပေါင်း ၈,၆၂၈ စတုရန်းမိုင် (၂၂,၃၂၇ စတုရန်းကီလိုမီတာ) ကျယ်ဝန်းသည်။[၁]
| မဏိပူရပြည်နယ် ꯃꯅꯤꯄꯨꯔ | |
|---|---|
| ပြည်နယ် | |
| Manipur | |
အင်ဖာမြို့ရှိ ရှေးဟောင်းကန်ဂလာခံတပ် (Kangla Fort) ဂိတ်တံခါး | |
အိန္ဒိယနိုင်ငံအတွင်းရှိ မဏိပူရပြည်နယ်၏ တည်နေရာ | |
| နိုင်ငံ | |
| ဧရိယာ | |
| • စုစုပေါင်း | ၂၂၃၂၇ စတုရန်းကီလိုမီတာ (၈၆၂၁ စတုရန်းမိုင်) |
| လူဦးရေ (၂၀၁၁) | |
| • စုစုပေါင်း | ၂၈၅၅၇၉၄ |
| ဝဘ်ဆိုက် | manipur.gov.in |
မဏိပူရသည် သမိုင်းကြောင်းအရ မြန်မာနိုင်ငံနှင့် အလွန်နီးကပ်သော ဆက်စပ်မှုရှိခဲ့သည်။ ကုန်းဘောင်ခေတ်ဦးကာလ အလောင်းမင်းတရားမှစ၍ ဆင်ဖြူရှင်မင်း လက်ထက်များတွင် မဏိပူရ (ကသဲပြည်) သည် မြန်မာ့ဩဇာခံဖြစ်ခဲ့ဖူးပြီး မြန်မာ့တပ်မတော်တွင် ကျော်ကြားသော "ကသဲမြင်းတပ်" များမှာ ဤဒေသမှ ဖြစ်သည်။ ၁၉ ရာစု အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီး ရန္တပိုစာချုပ်အရ မဏိပူရသည် မြန်မာ့ဩဇာခံအဖြစ်မှ လွတ်ကင်းသွားခဲ့သော်လည်း ယနေ့တိုင် ယဉ်ကျေးမှုနှင့် လူမျိုးစုချင်း ဆက်နွယ်မှုများ ကျန်ရှိနေဆဲဖြစ်သည်။[၂] မြန်မာတို့က မဏိပူရသားများကို "ကသည်းလူမျိုး" ဟုလည်းကောင်း၊ ဗြဟ္မဏနွယ်ဝင်များကို "ပုဏ္ဏား" ဟုလည်းကောင်း ခေါ်ဆိုလေ့ရှိကြသည်။
မြန်မာနိုင်ငံနှင့် သမိုင်းကြောင်း ဆက်စပ်မှု
[ပြင်ဆင်ရန်]မြန်မာနိုင်ငံနှင့် မဏိပူရ (ရှေးအခေါ် ကသည်းပြည်) တို့သည် ရှေးယခင်ကတည်းက ပထဝီဝင်၊ ယဉ်ကျေးမှုနှင့် စစ်ရေးအရ အပြန်အလှန် ဆက်နွယ်မှု ရှိခဲ့ကြသည်။ကုန်းဘောင်ခေတ်ဦးကာလ၊ အလောင်းမင်းတရား လက်ထက်မှစ၍ မြန်မာမင်းများသည် မဏိပူရသို့ စစ်ချီကာ ဩဇာခံအဖြစ် သိမ်းပိုက်ခဲ့သည်။ ဆင်ဖြူရှင်မင်း လက်ထက်တွင် မဏိပူရကို အောင်နိုင်ပြီးနောက် များစွာသော ကသဲလူမျိုးများကို မြန်မာနိုင်ငံသို့ ခေါ်ဆောင်ခဲ့သည်။ ထိုသူများသည် မြန်မာ့နန်းတွင်းတွင် နက္ခတ်ဗေဒင်၊ အနုပညာနှင့် ပိုးထည်ယဉ်ကျေးမှုများ၌ အဓိကနေရာမှ ပါဝင်ခဲ့ကြသည်။ အထူးသဖြင့် မြန်မာ့တပ်မတော်တွင် ထင်ရှားလှသော "ကသဲမြင်းတပ်" များသည် မဏိပူရနွယ်ဝင် စစ်သည်များ ဖြစ်ကြသည်။[၃]
၁၉ ရာစု အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ အပြီးတွင် ရန္တပိုစာချုပ်အရ မဏိပူရသည် မြန်မာ့လက်အောက်မှ လွတ်ကင်းသွားခဲ့သည်။ သို့သော် မြန်မာနိုင်ငံနှင့် မဏိပူရအကြားရှိ ကမ္ဗောတောင်ကြား (Kabaw Valley) ဒေသနှင့် ပတ်သက်၍ နယ်မြေအငြင်းပွားမှုများ ရှိခဲ့သည်။ သမိုင်းကြောင်းအရ မြန်မာတို့က ၎င်းဒေသကို မိမိတို့ ပိုင်နက်အဖြစ် အခိုင်အမာ ယူဆခဲ့ကြပြီး နောက်ပိုင်းတွင် ဗြိတိသျှတို့က မဏိပူရဘက်သို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။[၄]
ယနေ့တိုင် မြန်မာနိုင်ငံအတွင်းရှိ အမရပူရ၊ စစ်ကိုင်းနှင့် မန္တလေး တစ်ဝိုက်တွင် ကသဲလူမျိုးစုများ နေထိုင်ဆဲ ဖြစ်သည်။ မြန်မာတို့၏ အစားအစာများတွင် ပါဝင်သော "ကသဲပဲ" (ကုလားပဲတစ်မျိုး) နှင့် ပိုးထည်လုပ်ငန်းရှိ "အချိတ်" ဒီဇိုင်းအချို့မှာ မဏိပူရနှင့် ဆက်စပ်သော ယဉ်ကျေးမှု အမွေအနှစ်များ ဖြစ်ကြသည်။
ပထဝီဝင်
[ပြင်ဆင်ရန်]မဏိပူရနယ်သည် တောင်ထူထပ်သော ဒေသ၏အလယ် ကျယ်ပြန့်သောချိုင့်ဝှမ်းတွင် တည်ရှိသည်။ ယင်းနယ်၏ များသောအပိုင်းမှာ တောကြီးမျက်မည်းဖြစ်လျက်၊ ဆင်၊ ကြံ့၊ ကျား၊ ကျားသစ်၊ ဝက်ဝံ၊ သမင်၊ ပြောင်များ ကျက်စားသည်။ မဏိပူရနယ်ရှိ အချို့တောင်များသည် ပေ ၁ဝ ဝဝဝ ကျော်မြင့်သော်လည်း အများအားဖြင့် ပေ ၅ ဝဝဝ၊ ၆ ဝဝဝ အမြင့်ရှိကြသည်။ ချိုင့်ဝှမ်းသည် စတုရန်းမိုင် ၇ဝဝ ကျယ်၍ ပင်လယ်ပြင်ထက် ပေ၂ ၆ဝဝ မြင့်သည်။ တောင်ပေါ်ဒေသတွင် နေထိုင်သူများသည် နယ်ရှိ လူဦးရေ၏ ၃ပုံ ၁ပုံရှိ၍ လူမျိုးအုပ်စု ခွဲပေါင်း ၄ဝ မျှပါဝင်သည်။ ယင်းတို့အနက် အုပ်စုကြီး ၂ စုမှာ နာဂနှင့် ကူကီးလူမျိုးများဖြစ်သည်။
မြို့တော် ဖြစ်သော အင်ဖာမြို့အနီး တစ်ဝိုက်တွင် နေထိုင်သူတို့မှာ အများအားဖြင့် မေထေး (မဏိပူရီ) လူမျိုးများဖြစ်သည်။ မဏိပူရနယ်တွင် ပြောဆိုကြသော ဘာသာစကား အများအပြား ရှိသော်လည်း မဏိပူရီ (ကသည်း) နှင့် အင်္ဂလိပ်စကားတို့မှာ ရုံးသုံးဘာသာစကားများ ဖြစ်ကြသည်။ မဏိပူရတွင် နေထိုင်သော လူဦးရေမှာ ၁၉၅၉ ခုနှစ်တွင် ခန့်မှန်းခြေ ၅၇၇ ၆၃၅ ယောက်ဖြစ်၏။ များသောအားဖြင့် ဟိန္ဒူ၊ မွတ်စလင်၊ ခရစ်ယာန်နှင့် ဗုဒ္ဓအယူ ဝါဒီများ ဖြစ်ကြ၏။
မဏိပူရနယ်တွင် စပါးသည် အဓိက စိုက်ပျိုးသော ကောက်နှံဖြစ်၏။ ဆန်အသင့်အတင့်ကို နယ်အပြင်သို့ထုတ်ရောင်းသည်။ သစ်တောထွက် ပစ္စည်းများသည်လည်း အရေးပါသော ထုတ်ကုန်ဖြစ်သည်။ လက်ရက်ကန်း လုပ်ငန်းသည် နာမည်ရသော လုပ်ငန်းဖြစ်၏။ အလုပ်အကိုင်များတွင် အမျိုးသမီးများ ဦးစီးလုပ်ကိုင်သည်က များ၏။ မဏိပူရတွင် ထင်ရှားသော မြင်းတစ်မျိုး ပေါက်ဖွား၍ ယင်းတို့ကို အမျိုးသား ကစားပွဲ တစ်ခုဖြစ်သော ပိုလိုကစားပွဲများတွင် အသုံးပြုသည်။ ယခုအခါတွင် မဏိပူရနယ်၌ လုပ်ငန်းများ တိုးတက်အောင် အစိုးရက စီမံ စိုင်းပြင်းလျက် ရှိပေသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]မဏိပူရနယ်သည် ရှေးအခါက တိုင်းရင်းမဟာရာဇာစော်ဘွား အုပ်ချုပ်ခံနယ်ဖြစ်၏။ အတွင်းကျ၍ မထင်ရှားသော ချိုင့်ဝှမ်းတွင် တည်ရှိသဖြင့် အခြားနိုင်ငံများနှင့် အဆက်အစပ် မရှိသော်လည်း မြန်မာနိုင်ငံနှင့် ကပ်လျက်ရှိသောကြောင့် မြန်မာ့သမိုင်းတွင် ဘုရင့်နောင် လက်ထက်မှစ၍ ဖော်ပြပါရှိသည်ကို တွေ့ရ၏။ သက္ကရာဇ် ၉၂၁ ခု၊ ဘုရင့်နောင် လက်ထက်တွင် ကလေးမင်းခင်း နယ်ပယ်များကို ကသည်းစော်ဘွားက ထိပါး လာသောကြောင့် ရဲမက်တော်တို့ချီတက်ကြရသည်။ ကသည်းစော်ဘွားက သစ္စာတော်ခံ၍ သမီးကိုဆက်သည်။ ဤသို့ဖြင့် ဘုရင့်နောင်လက်ထက်တွင်လက်ဆောင်ပဏ္ဏာများ ဆက်သလာသော်လည်း ကုန်းဘောင်ခေတ်အလျင် မြန်မာနိုင်ငံ ကစဉ့်ကစဉ့်ကလျားဖြစ်နေချိန်များတွင် ကသည်းတို့သည် မြန်မာနိုင်ငံတွင်းသို့ဝင်ရောက်ကာ သောင်းကျန်းဖျက်ဆီး၏။ သို့ထိပါးတိုက်ခိုက်ခဲ့သည်ကို တုံ့ပြန်သောအားဖြင့် ကုန်းဘောင်ခေတ် ခရစ် ၁၇၅၈ ခုနှစ် အလောင်းဘုရားလက်ထက်၊ ၁၇၆၄ ခုနှစ် ကုန်းဘောင်ဆင်ဖြူရှင်မင်းတရားလက်ထက်၊ ၁၈၁၉ ခုနှစ် ဘကြီးတော်ဘုရား လက်ထက်တို့တွင် မြန်မာတို့က မဏိပူရ ကသည်းပြည်ကို အောင်မြင်သိမ်းပိုက်ခဲ့၏။ ဘကြီးတော်ဘုရား လက်ထက်တွင် မဏိပူရ၊ ကသည်းစော်ဘွား မဟာရှိန်ရာဇာသည် လက်ဆောင်ပဏ္ဏာ အဆက်အသ မရောက်သဖြင့် ၁၈၁၉ ခုနှစ်တွင် ညီတော် ဒွါရဝတီမင်းသား သတိုးမင်းရဲကျော်ထင်ကို ဗိုလ်ချုပ်ခန့်အပ်တော်မူ၍ တပ်များ ချီတက်သိမ်းယူစေရာ မဏိပူရ တစ်မြို့လုံးကိုရ၍ အစောင့်တပ်များ ထားခဲ့ပြီးလျှင် ပြန်လာကြသည်။ ထိုမဏိပူရ ချီတပ်တွင် အလုံးမြို့ဝန်မင်းကြီး မဟာဗန္ဓုလမှာ လက်ဝဲကြောင်းစစ်ကဲ၊ မင်းကြီးမင်းခေါင်ကျော်မှာ လက်ယာကြောင်း စစ်ကဲအဖြစ်ဖြင့် လိုက်ပါထမ်းရွက်ကြသည်။
မဏိပူရစော်ဘွား မဟာရှိန်ရာဇာကား ကချာနယ်သို့ထွက်ပြေး တိမ်းရှောင်လေသည်။ ကချာတွင် မိမိအစ်ကို စော်ဘွားဟောင်း ချောဂျစ်ဆင် အုပ်ချုပ်နေနှင့်သည်ကို တွေ့ရှိ၍ ညီဂမ္ဘီရဆင်နှင့် ပူးပေါင်းပြီးလျှင် ချောဂျစ် ဆင်ကို တိုက်ခိုက် နှင်ထုတ်၍ ကချာတွင် အခိုင်အလုံနေလေသည်။ ထိုနောက် မဟာရှိန်ရာဇာ၏ သားသည် ကချာမှလာ၍ မဏိပူရမြို့စောင့် မြန်မာတပ်ကို တိုက်လာပြန်သည်နှင့် သက္ကရာဇ် ၁၈၂ဝ ပြည့် ခုနှစ်တွင် မြန်မာတပ်များ စစ်ကူထပ်မံလာရောက် တိုက်ခိုက်နှိမ်နင်းရပြန်သည်။ အင်္ဂလိပ်တို့ကား မြန်မာတို့တန်ခိုးဖြန့်လာသည်ကို စိုးရိမ်သဖြင့် ကချာစော်ဘွားဟောင်း ဂေါဝိန္ဒချန္ဒရာကို အားပေးကူညီပြီးလျှင် မဏိပူရ စော်ဘွားတို့ကို ပင်စင်ရိက္ခာပေး၍ အေးချမ်းစွာ နေထိုင်စေသည်။ ထို့နောက် မြန်မာတပ်တော်တို့က ကချာနယ်သို့ချဉ်းနင်းဝင်ရောက်သည်တွင် အင်္ဂလိပ်နှင့် မသင့်မတင့် ဖြစ်ရသည်။ ဤသို့မဏိပူရစော်ဘွားတို့ကို လိုက်လံတိုက်ခိုက်သည်မှ အစပြု၍ အင်္ဂလိပ်နှင့် မြန်မာတို့စစ်ဖြစ်ကြသည်တွင် ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲအဆုံး ရန္တပိုစာချုပ်အရ မဏိပူရနယ် ကချာနယ်တို့ကို မြန်မာတို့က အနှောင့်အယှက် မပြုရတော့ချေ။ ဤတို့ဖြင့် မဏိပူရနယ်သည် မြန်မာတို့လက်မှ လွတ်မြောက်သွားသည်။ သို့ရာတွင် မဏိပူရ စော်ဘွားများသည် ထီးနန်းဆက်ခံရေးတွင် မသင့်မတင့် အငြင်းပွား မှုများဖြစ်ခဲ့၏။ ခရစ် ၁၈၉၁ ခုနှစ်တွင် နန်းဆက်ခံမှုနှင့် စပ်လျဉ်း၍ အငြင်းပွားသည်တွင် အာသံပြည် ဝန်ရှင် တော်မင်းကြီးချုပ်က နှိမ်နင်းရန် ဂေါ်ရခါးစစ်သည် ၄ဝဝဝနှင့် ဝင်ရောက်လာ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့၏။ မဏိပူရကသည်းတို့က ဗြိတိသျှ ကိုယ်စားလှယ်တော် အိမ်ကိုတိုက်ခိုက်ခဲ့ကြသည်။ ထို့နောက် နှစ်ဖက်သဘောတူ အတိုက်အခိုက် ရပ်စဲနေခိုက်တွင် ဝန်ရှင်တော်မင်းကြီးနှင့် ဗြိတိသျှ ကိုယ်စားလှယ်တော်တို့သည် အခြား ဗြိတိသျှအရာရှိ ၃ ဦးနှင့်အတူ ဥပါယ်တံမျဉ်ဖြင့် ရက်ရက်စက်စက် သတ်ဖြတ်ခြင်းခံရသည်။
နောက်တစ်လ အကြာတွင် ဗြိတိသျှ စစ်တပ်က မဏိပူရကို သိမ်းပိုက်ပြီးလျှင် ယင်းနယ်တည်ရှိရေးကို အသိအမှတ်ပြု၍ အုပ်စိုးသော မင်းနွယ်မှ ဆင်းသက်လာသော ၅ နှစ်သားရွယ် မင်းသားကလေး ချူရာချန်အား စော်ဘွားခန့်အပ်ကာ ထိုစော်ဘွား အရွယ်မရောက်မီစပ်ကြား ဗြိတိသျှတို့က ကွပ်ကဲ၍ အုပ်ချုပ်သည်။ ၁၈၉၆ခုနှစ်တွင် မဏိပူရပြည်နယ်သည် ဗြိတိသျှမြန်မာနိုင်ငံပခုက္ကူတောင်တန်းဒေသ၏အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့သည်မှာ ၁၉၄၇၊ဩဂုတ်လ ၁၅ ရက်အထိ ဖြစ်သည်။ ခရစ် ၁၉ဝ၇ ခုနှစ်၌ စော်ဘွား အရွယ်ရောက်သည်တွင် အုပ်ချုပ်ရေးအာဏာကို ပြောင်းယူလိုက်ပေသည်။
ဒုတိယကမ္ဘာစစ်ကြီးအတွင်းဖြစ်သော ၁၉၄၄ ခုနှစ်က မဏိပူရနယ်အတွင်းသို့ မြန်မာပြည်၌ တပ်စွဲလျက်ရှိသော ဂျပန်တပ်များက ဝင်ရောက်တိုက်ခိုက် ကာ အင်ဖာမြို့တော်ကိုပင် ထိုနှစ် မတ်လမှ ဇွန်လအထိ ဝိုင်းရံထားခဲ့သော်လည်း ဗြိတိသျှနှင့် အိန္ဒိယတပ်များက တွန်းလှန်လိုက်၏။ အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ရရှိသောအခါ မဏိပူရနယ်သည် ပခုက္ကူတောင်တန်း၊ အာသံတို့နှင့် မဆိုင်တော့ဘဲ သီးခြားနယ် ဖြစ်လာသည်။[၅]
