စစ်အစိုးရကို အာဏာဖီဆန်တဲ့ လှုပ်ရှားမှုတွေ အရှိန်မြင့်လာ

ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ တက္ကသိုလ်များဆေးရုံ မှာပြုလုပ်ခဲ့တဲ့ CDM လှုပ်ရှားမှု

ဓာတ်ပုံ ရင်းမြစ်, YeMyo/MPA

ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ တက္ကသိုလ်များဆေးရုံ မှာပြုလုပ်ခဲ့တဲ့ CDM လှုပ်ရှားမှု
ရေးသားခဲ့သည်။

မြန်မာနိုင်ငံက အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်တဲ့ လူထုအာဏာဖီဆန်မှုလို့ အမည်ပေးထားတဲ့ Civil Disobedience Myanmar CDM လှုပ်ရှားမှု ၄ ရက်မြောက်နေ့မှာတော့ ပညာရေးကဏ္ဍက ဆရာဆရာမတွေဝန်ထမ်းတွေအပြင် ဝန်ကြီးဌာနတွေက အစိုးရဝန်ထမ်းတွေနဲ့ တက္ကသိုလ်အသီးသီးက ကျောင်းသားတွေ၊ ကုန်သည်တွေစတဲ့ ကဏ္ဍစုံကပါဝင်လာကြပါတယ်။

ဒါအပြင် စစ်အာဏာသိမ်းလှုပ်ရှားမှုတွေကို ကန့်ကွက်ရှုတ်ချပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခြင်းကို ထောက်ခံကြောင်းကို ဖဲကြိုးနီလှုပ်ရှားမှုတွေ လုပ်ဆောင်ပြီး ပါဝင်လာကြပြီ ဖြစ်ပါတယ်။

အစိုးရဆေးရုံကဆရာဝန်တွေကနေ စတင်လှုပ်ရှားခဲ့တဲ့ လူထုအာဏာဖီဆန်မှုလှုပ်ရှားမှုကနေ လက်ရှိမှာတော့ အင်ဂျင်နီယာတွေ ပညာရေးကဏ္ဍအသီးသီးက ဆရာဆရာမတွေ၊ အထွေထွေ ဝန်ထမ်းတွေ၊ ကျောင်းသူ ကျောင်းသားတွေနဲ့ ဘဏ်ဝန်ထမ်းတွေအပြင် နေပြည်တော်အခြေစိုက်စစ် အစိုးရ လက်အောက်မှာရှိတဲ့ အစိုးရဝန်ထမ်းတွေပါ ပါဝင်တာ တွေ့ရပါတယ်။

နေပြည်တော်မှာ တွေ့ရတဲ့ ဖဲကြိုးနီလှုပ်ရှားမှု

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, နေပြည်တော်မှာ တွေ့ရတဲ့ ဖဲကြိုးနီလှုပ်ရှားမှု

ဖေဖော်ဝါရီလ ၅ ရက်နေ့မှာတော့ စစ်အာဏာသိမ်းတာကို လက်မခံကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်လွတ်ပေးရေးဆိုတဲ့ တောင်းဆိုချက်တွေအနဲ့အတူ ဖဲကြိုးနီလှုပ်ရှားမှုကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆင်နွှဲလာကြတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ လ ၅ရက်နေ့မှာတော့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနက အစိုးရဝန်ထမ်း တွေ အပြင် မြန်မာ့အသံက ဝန်ထမ်းအချို့တို့ကလည်း ဖဲကြိုးနီလှုပ်ရှားမှုတွေကို နေပြည်တော်နဲ့ နယ်ဒေသတွေ အပါအဝင် နေရာဒေသအသီးသီးမှာ လုပ်ဆောင်ခဲ့ကြတာပါ။

ဒီအလုပ်ပြုတ်သွားလို့နောက်အလုပ်ရဖို့ မသေချာပေမဲ့ ဝန်ထမ်းတွေက စစ်အာဏာသိမ်းတာကို ကန့်ကွက်ကြောင်းပြချင်လို့ ဒီလှုပ်ရှားမှုကို လုပ်တာပါလို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက နေပြည်တော် အခြေစိုက်ဝန်ထမ်းတစ်ဦးက ဘီဘီစီကိုပြောပြပါတယ်။

ဖေဖော်ဝါရီ ၅ ရက်က လုပ်ဆောင်ခဲ့တဲ့ ဖဲကြိုးနီလှုပ်ရှားမှုမှာ ရန်ကုန်၊ ပုသိမ်၊ နေပြည်တော်စတဲ့ နိုင်ငံတွင်းဒေသ အသီးသီး က ပညာရေးကဏ္ဍအလွှာအသီးသီးက ဝန်ထမ်းတွေလည်း ပါပါတယ်။

အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း အလုပ်သမားထုရဲ့လှုပ်ရှားမှုအဖြစ် စက်ရုံအလုပ်ရုံအချို့က စက်ရုံလုပ်သားသောင်းချီက လုပ်ငန်းခွင်မပျက်ဆန္ဒထုတ်ဖော်မှုတွေစတင်လာခဲ့ပါတယ်။

စစ်တွေမြို့က စစ်အစိုးရကို ဆန့်ကျင်တဲ့ လှုပ်ရှားမှု

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ဓာတ်ပုံ ပုံစာ, စစ်တွေမြို့က စစ်အစိုးရကို ဆန့်ကျင်တဲ့ လှုပ်ရှားမှု

ပညာရေးကဏ္ဍက ဆရာ၊ ဆရာမတွေရဲ့သဘောထားနဲ့ပတ်သက်ပြီး ဒဂုံတက္ကသိုလ်ဆရာများသမဂ္ဂရဲ့ ဥက္ကဋ္ဌဖြစ်သူ ဆရာဦးလှမျိုးက ဆရာ ဆရာမတွေရဲ့ သဘောထားက တစ်ကျော့ပြန်အာဏာရှင်စနစ် မလိုလားကြောင်း ဖော်ထုတ်ပြသတာဖြစ်တယ်လို့ ပြောပါတယ်။

Civil Disobedience Movement" ဆိုတာကတော့ အာဏာရှင်အစိုးရကို လက်မခံနိုင်လို့ အစိုးရယန္တရား မလည်ပတ်နိုင်အောင် အလုပ်ကို (လုံးဝ)မသွားတဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့က စတင်ခဲ့ကြတာဖြစ်ပြီးတော့ ဆေးရုံအချို့မှာ ဝန်ထမ်းတွေ မရှိတဲ့အတွက် တပ်မတော်ဘက်ကတော့ သူတို့စစ်ဆေးရုံတွေမှာ တိုင်းရင်းသားပြည်သူတွေကို ကုပေးမယ်ဆိုပြီး နောက်ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

'Red Ribbon Campaign' ဆိုတာကတော့ အစိုးရကို ဆန့်ကျင်တဲ့အကြောင်း ဖဲကြိုးနီတပ်ပြီးတော့ ဆန္ဒပြတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။

ဒီလိုအာဏာသိမ်းအစိုးရကိုလက်မခံကြောင်း လှုပ်ရှားမှုမှာ ပါဝင်လာတဲ့ ကဏ္ဍအသီးသီးက ဝန်ထမ်းတွေထဲ ဝန်ကြီးဌာနအချို့မှာတော့ ပါဝင်တဲ့ဝန်ထမ်းတွေကို ဝန်ထမ်းအိမ်ရာကနေ ဖယ်ရှားပေးဖို့ ဖိအားပေး တာရှိနေသလို အစိုးရ ဘဏ်ဝန်ထမ်းအချို့မှာလည်း တပ်ဆင်ထားတဲ့ ဖဲကြိုးအနီတွေကိုဖြုတ်ပြီး တပ်ကို ထောက်ခံကြောင်း လက်မှတ်ထိုးဖို့ ဖိအားပေးတာတွေလည်းရှိခဲ့တယ်လို့ ကြုံတွေ့ရသူအချို့က ဘီဘီစီကို ပြောပါတယ်။