အာရေဗျကျွန်းဆွယ်
အာရေဗျကျွန်းဆွယ် (အင်္ဂလိပ်: Arabian Peninsula) သည် အာရှတိုက်၏ အနောက်တောင်ဘက်အစွန်းတွင် တည်ရှိသော ကမ္ဘာ့အကြီးဆုံး ကျွန်းဆွယ်ကြီးတစ်ခု ဖြစ်သည်။ မြောက်လတ္တီတွဒ် ၁၂ ဒီဂရီ မှ ၃၂ ဒီဂရီနှင့် အရှေ့လောင်ဂျီတွဒ် ၃၅ ဒီဂရီ မှ ၆ဝ ဒီဂရီအတွင်း တည်ရှိသည်။ အာရေဗျကျွန်းဆွယ်သည် အာဖရိကတိုက်နှင့် အာရှတိုက်ကို ဆက်သွယ်ပေးထားသည့် ပထဝီဝင်အနေအထားအရ အချက်အချာကျသော ဒေသတစ်ခုဖြစ်ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ အမြောက်အမြား ထွက်ရှိရာ ဒေသလည်းဖြစ်သည်။[၁][၂][၃][၄][၅]
ပထဝီဝင်အနေအထားနှင့် နယ်နိမိတ်
[ပြင်ဆင်ရန်]အာရေဗျကျွန်းဆွယ်ကို အောက်ပါ ရေထုများက ဝန်းရံထားသည် -
- အနောက်ဘက်: ပင်လယ်နီ (Red Sea) နှင့် အက္ကဗာပင်လယ်ကွေ့။
- အရှေ့ဘက်: ပါရှန်ပင်လယ်ကွေ့ (Persian Gulf) နှင့် အိုမန်ပင်လယ်ကွေ့။
- တောင်ဘက်: အေဒင်ပင်လယ်ကွေ့၊ အာရေဗျပင်လယ်နှင့် အိန္ဒိယသမုဒ္ဒရာ။
- မြောက်ဘက်: ဂျော်ဒန်နိုင်ငံနှင့် အီရတ်နိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။
အကျယ်အဝန်းအားဖြင့် စတုရန်းမိုင်ပေါင်း ၁,ဝဝဝ,ဝဝဝ ခန့် ရှိပြီး မြန်မာနိုင်ငံထက် လေးဆခန့် ပိုမိုကျယ်ဝန်းသည်။ မြေပုံပေါ်တွင် ကြည့်ပါက ဘွတ်ဖိနပ်ပုံသဏ္ဌာန်နှင့် ဆင်တူသည်။
မြေမျက်နှာပြင်နှင့် ရာသီဥတု
[ပြင်ဆင်ရန်]ကျွန်းဆွယ်၏ ဒေသအများစုသည် ပူပြင်းခြောက်သွေ့သော သဲကန္တာရများ ဖြစ်သည်။ ထင်ရှားသော သဲကန္တာရများမှာ မြောက်ဘက်တွင် နေဖတ် (Nafud)၊ အရှေ့တောင်ဘက်တွင် ကမ္ဘာ့အကြီးဆုံး သဲသောင်ပြင်ကြီးဖြစ်သည့် ရုဗာအာခါလီ (Rub' al Khali) တို့ ဖြစ်ကြသည်။
ကျွန်းဆွယ်အတွင်း တစ်နှစ်ပတ်လုံး စီးဆင်းသော မြစ်ကြီးများ မရှိဘဲ မိုးရွာသွန်းမှသာ ရေစီးဆင်းသည့် ဝါဒီ (Wadi) ခေါ် ချောင်းခြောက်များသာ ရှိသည်။ ရာသီဥတုမှာ အလွန်အမင်း ပူပြင်းပြီး အပူချိန်သည် ၅၄ ဒီဂရီစင်တီဂရိတ် (၁၃ဝ ဒီဂရီဖာရင်ဟိုက်) အထိ မြင့်တက်လေ့ရှိသည်။ သို့သော် အနောက်တောင်ဘက် တောင်ကုန်းဒေသများ (ဥပမာ-ယေမင်) တွင်မူ မိုးအနည်းငယ်ရရှိပြီး စိုက်ပျိုးရေး လုပ်ကိုင်နိုင်သည်။
စီးပွားရေး
[ပြင်ဆင်ရန်]ရှေးယခင်က စွန်ပလွံသီးစိုက်ပျိုးခြင်း၊ ပုလဲဖော်ခြင်းနှင့် ကုလားအုပ်၊ မြင်း မွေးမြူခြင်းတို့မှာ အဓိကလုပ်ငန်းများ ဖြစ်ခဲ့သည်။ သို့သော် ၂ဝ ရာစုအတွင်း ရေနံကို အကြီးအကျယ် ရှာဖွေတွေ့ရှိပြီးနောက် ကမ္ဘာ့စီးပွားရေးတွင် အရေးပါသောဒေသ ဖြစ်လာသည်။ အထူးသဖြင့် ဆအူးဒီအာရေဗျ၊ ကူဝိတ်နှင့် အာရပ်စော်ဘွားနယ်ပေါင်းစုနိုင်ငံတို့သည် ကမ္ဘာ့ရေနံအများဆုံး ထွက်ရှိရာနိုင်ငံများ ဖြစ်ကြသည်။
နိုင်ငံရေးနှင့် လူဦးရေ
[ပြင်ဆင်ရန်]
အာရေဗျကျွန်းဆွယ်တွင် လက်ရှိတည်ရှိနေသော နိုင်ငံများမှာ-
၁။ ဆော်ဒီအာရေဗျနိုင်ငံ (အကြီးဆုံးနိုင်ငံ)
၂။ ယေမင်နိုင်ငံ
၄။ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ
၆။ ကာတာနိုင်ငံ
ဒေသခံအများစုမှာ အာရပ်လူမျိုးများ ဖြစ်ကြပြီး အစ္စလာမ်ဘာသာကို ကိုးကွယ်ကြသည်။ သဲကန္တာရအတွင်း လှည့်လည်သွားလာ နေထိုင်သူများကို ဗက်ဒူးအင် (Bedouin) လူမျိုးများဟု ခေါ်ဆိုသည်။
သမိုင်းကြောင်းနှင့် ယဉ်ကျေးမှု
[ပြင်ဆင်ရန်]အာရေဗျကျွန်းဆွယ်သည် အစ္စလာမ်ဘာသာ စတင်မြစ်ဖျားခံရာ ဒေသဖြစ်သည်။ အစ္စလာမ်ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ မက္ကာမြို့နှင့် မဒီနားမြို့တို့သည် ဆော်ဒီအာရေဗျနိုင်ငံတွင် တည်ရှိသည်။ အာရပ်တို့သည် ဆေးပညာ၊ နက္ခတ္တဗေဒနှင့် သင်္ချာပညာ (အထူးသဖြင့် အာရပ်ဂဏန်းများနှင့် ဒသမစနစ်) တို့တွင် ကမ္ဘာ့ယဉ်ကျေးမှုအတွက် များစွာ အကျိုးပြုခဲ့သည်။
၁၉၄၅ ခုနှစ်တွင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးအတွက် အာရပ်လိဂ် (Arab League) ကို ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေးနှင့် နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Niz၊ Ellen Sturm (2006-04-10)။ Peninsulas။ Capstone။ p. 19။ ISBN 9780736861427။
- ↑ McColl၊ R. W. (2014-05-14)။ "Peninsula"။ Encyclopedia of World Geography။ Infobase။ ISBN 9780816072293။ 19 May 2021 တွင် မူရင်းမှ မော်ကွန်းတင်ပြီး ။ 19 May 2020 တွင် ပြန်စစ်ပြီး။
- ↑ Condra၊ Jill (2013-04-09)။ Encyclopedia of National Dress: Traditional Clothing Around the World [2 Volumes]။ ABC-CLIO။ ISBN 9780313376375။ 19 May 2021 တွင် မူရင်းမှ မော်ကွန်းတင်ပြီး ။ 19 May 2020 တွင် ပြန်စစ်ပြီး။
- ↑ Dodge၊ Christine Huda (2003-04-01)။ The Everything Understanding Islam Book: A Complete and Easy to Read Guide to Muslim Beliefs, Practices, Traditions, and Culture။ Simon and Schuster။ ISBN 9781605505459။ 31 October 2021 တွင် မူရင်းမှ မော်ကွန်းတင်ပြီး ။ 19 May 2020 တွင် ပြန်စစ်ပြီး။
- ↑ "15 Largest Peninsulas in the World"၊ WorldAtlas။
